ကြေညာချက်အကြောင်းအရာ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နေပြည်တော်၊ ဧပြီ ၉
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဥပဒေအမှတ် ၁၆/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ၁၁-၃-၂၀၂၆ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။
ယင်းဥပဒေပုဒ်မ ၅၇ တွင် “ကြီးကြပ်ရေးအာဏာပိုင်ထံမှ ခွင့်ပြုထုတ်ပေးသည့်လိုင်စင် သို့မဟုတ် မှတ်ပုံတင်လက်မှတ်ကိုင်ဆောင်၍ ဆောင်ရွက်သည့်ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းလုပ်ငန်းများ၊ သတ်မှတ်ထားသည့် ငွေရေးကြေးရေးအဖွဲ့အစည်းမဟုတ်သော အခြားစီးပွားရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို လုပ်ကိုင်သည့်မည်သည့်လူပုဂ္ဂိုလ်၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းမျှကြီးကြပ်ရေးအာဏာပိုင်ထံ ကြိုတင်တင်ပြခြင်းမရှိဘဲ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဆ)ပါ လုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ခြင်းမပြုရ” ဟု လည်းကောင်း၊
ပုဒ်မ ၆၃(က)တွင် “မည်သူမဆို ပုဒ်မ ၅၇ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံးထောင်ဒဏ် နှစ်နှစ်အထိဖြစ်စေ၊ ကျပ်သန်းသုံးရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊ ပြစ်မှု ကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ကျပ်သန်းငါးရာထက်မပိုသော ငွေဒဏ်ချမှတ်ရမည်”ဟု လည်းကောင်း ပြဋ္ဌာန်း ပါရှိပါသည်။
သို့ဖြစ်၍ ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ဆ)ပါ လုပ်ငန်းများဖြစ်သည့် ဆက်သွယ်ဆောင်ရွက်သူ၏ ငွေကြေး သို့မဟုတ် ပစ္စည်းလွှဲပြောင်းမှု၊ လက်ခံမှု၊ အပ်နှံမှုများနှင့် စပ်လျဉ်း၍
- မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းချခြင်းနှင့် ဝယ်ယူခြင်း
- ငွေကြေးများ၊ ငွေချေးသက်သေခံလက်မှတ်များ သို့မဟုတ် အခြားပိုင်ဆိုင်သည့်ပစ္စည်းများကို စီမံခန့်ခွဲခြင်း
- ဘဏ်စာရင်းများ၊ စုငွေစာရင်းများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်စာရင်းများကို စီမံခန့်ခွဲခြင်း
- ကုမ္ပဏီအဖွဲ့အစည်းများထူထောင်မှု၊ လုပ်ငန်းလည်ပတ်မှုသို့မဟုတ် စီမံခန့်ခွဲမှုများအတွက် အထောက်အကူပြုဆောင်ရွက်ချက်များကို စုရုံးစီစဉ်ခြင်း
- ကုမ္ပဏီအဖွဲ့အစည်းများ သို့မဟုတ် အစီအစဉ်များထူထောင်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စီးပွားရေးလုပ်ငန်းများကို ဝယ်ယူခြင်းနှင့်ရောင်းချခြင်း
- ယုံမှတ်အပ်နှံမှုလုပ်ငန်းတစ်ခုတွင် ယုံကြည်အပ်နှံခံရသူအဖြစ်ဆောင်ရွက်ခြင်း သို့မဟုတ် အသင်းအဖွဲ့တစ်ခုခု သို့မဟုတ် ဥပဒေရေးရာစီစဉ်ဆောင်ရွက်မှုတစ်ခုခုတွင် ယင်းလုပ်ငန်းတာဝန်နှင့် တူညီစွာဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများ
လုပ်ကိုင်လျက်ရှိသည့် ရှေ့နေ၊ နိုတြီပဗ္ဗလစ်နှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများအားလုံးသည် ကြီးကြပ်ရေးအာဏာပိုင်၊ ညွှန်ကြားရေးမှူး၊ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာန၏ lidp.amlcft@gmail.com သို့ ဖြစ်စေ၊ စာလမ်းကြောင်းဖြင့်ဖြစ်စေ ၇-၅-၂၀၂၆ ရက်နေ့ အရောက်တင်ပြပေးပို့ကြရန်နှင့် အဆိုပါလုပ်ငန်းများလုပ်ကိုင်ရန်ရှိသည့် ရှေ့နေ၊ နိုတြီပဗ္ဗလစ်နှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများသည်လည်း လုပ်ငန်းများလုပ်ကိုင်မည့်ကိစ္စကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကြီးကြပ်ရေးအာဏာပိုင်သို့ ကြိုတင်တင်ပြပြီးမှ ဆောင်ရွက်ကြရန် အသိပေးကြေညာပါသည်။
ကြီးကြပ်ရေးအာဏာပိုင်
စာအမှတ်၊ ၇၈၂ (ခွဲ ၂၃)/ ၂၀၂၆
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက်