တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း၏ ပဉ္စမနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၂) ထုတ်ပြန်ခြင်း

11 Jan 2022

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဇန်နဝါရီ ၁၁

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က “အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့ (Towards Improving Justice for All)” ဟူသော ဆောင်ပုဒ်ဖြင့် ရေးဆွဲအ‌ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငါးနှစ်တာတရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ၏ ပဉ္စမနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၂) (Year 5 Action Plan – 2022) အား မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။

တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အဖြစ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းများကို ၂၀၁၅ ခုနှစ်မှစတင်၍ သုံးနှစ်တာမဟာဗျူဟာစီမံကိန်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးနောက် ဒုတိယမြောက် မဟာဗျူဟာလုပ်ငန်းအစီအစဉ်ကို ငါးနှစ်တာကာလအတွက် ၂၀၁၈ ခုနှစ်မှစတင်၍ ချမှတ်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် မဟာဗျူဟာစီမံကိန်း၏ နောက်ဆုံးနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ်တွင် အရေးကြီးမှုအစီအစဉ်အလိုက် ဦးစားပေး အဆင့်များသတ်မှတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားရန် သတ်မှတ်ပါရှိသည့်အပြင် မဟာဗျူဟာ စီမံကိန်း၏ လုပ်ငန်းအစီအစဉ်အားလုံး ထည့်သွင်းထားပါသည်။ ထို့ပြင် ငါးနှစ်တာတရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၏ နောက်ဆုံးနှစ်ဖြစ်သည့်အားလျော်စွာ လက်ရှိမဟာဗျူဟာစီမံကိန်းကို ပြန်လည် သုံးသပ်ရေး၊ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်းအသစ် (၂၀၂၃-၂၀၂၇) ကိုရေးဆွဲရေးနှင့် အဆိုပါစီမံကိန်း၏ ပထမနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၃) ရေးဆွဲရေးတို့ကိုလည်း ယခုနှစ်အတွက် ဦးစားပေး လုပ်ဆောင်ရမည့် လုပ်ငန်းအစီအစဉ်များအဖြစ် အသစ်ထည့်သွင်းထားပါသည်။     

တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း၏ ပဉ္မမနှစ်လုပ်ငန်းအစီအစဉ်ကို ပြည်ထောင်စုတရား လွှတ်‌တော်ချုပ်၏ အင်တာနက်စာမျက်နှာ www.unionsupremecourt.gov.mm တွင် ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။