ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး “(၁၈) ကြိမ်မြောက် အာရှ - ပစိဖိတ်ဒေသ တရားသူကြီးချုပ်များညီလာခံ ” သို့ တက်ရောက်

16 Nov 2022

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော် နိုဝင်ဘာ ၁၆

(၁၈) ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံကို ယနေ့နံနက် (၉:၃၀) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်မှ အွန်လိုင်းဖြင့် ပါဝင်တက်ရောက်သည်။

ညီလာခံကို ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အယူခံတရားရုံးနှင့် LAWASIA တို့က ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အာရှ - ပစိဖိတ်ဒေသရှိ နိုင်ငံ ၃၄ နိုင်ငံတို့မှ တရားသူကြီးချုပ်များဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

ညီလာခံကို နိုဝင်ဘာ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ထိ နှစ်ရက်တာကျင်းပခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနား တွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ တရားသူကြီးချုပ် The Hon. Andrew Cheung နှင့် LAWASIA တရားရေးဌာန၏ သဘာပတိဖြစ်သူ ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် တရားသူကြီးချုပ် The Hon. Andrew Bell တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။

ထို့နောက် တက်ရောက်လာကြသော ၃၄ နိုင်ငံမှ တရားသူကြီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့များက တရားစီရင်ရေးနှင့်ဆက်နွှယ်သောဘာသာရပ်များကို ဆွေးနွေးကြသည်။ အဓိကအားဖြင့် “ပြင်ပဝေဖန်မှုများကိုရင်ဆိုင်ခြင်းနှင့် ပြည်သူနှင့်ထိတွေ့မှုပြုခြင်း၊ မျက်မှောက်ခေတ် မှုခင်းစီမံခန့်ခွဲမှု၊ မိသားစုတရားရုံးများ၏ အရေးပါမှုကိုမြှင့်တင်ခြင်း၊ တရားစီရင်ရေးဆိုင်ရာလေ့ကျင့်သင်ကြားခြင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အာရှနှင့်ပစိဖိတ်ဒေသနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်လျက်ရှိရာ  ဤညီလာခံသို့ တက်ရောက်ခြင်းဖြင့် ဒေသတွင်းရှိ တရားသူကြီးချုပ်များ၊ တရားစီရင်ရေးအကြီးအကဲများနှင့် အမြင်ချင်းဖလှယ်ပြီး၊ မိမိတို့နှင့်သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့သည်။

ညီလာခံသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။