တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇) နှင့် ပထမနှစ်မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၃) တို့အားထုတ်ပြန်ခြင်း

15 Jan 2023

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဇန်နဝါရီ ၁၆

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က “တရားမျှတမှုရရှိစေရေး အားလုံးပါဝင်ဆောင်ရွက်ပေး (Providing Justice By All)” ဟူသော ဆောင်ပုဒ်ဖြင့် ရေးဆွဲထားသည့် မြန်မာ့တရားစီရင်ရေး၏  ငါးနှစ်တာတရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) နှင့် ပထမနှစ် မဟာဗျူဟာလုပ်ငန်း အစီအစဉ် (၂၀၂၃) (Year One Action Plan – 2023) အား မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ယနေ့ ထုတ်ပြန်လိုက်သည်။

တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အဖြစ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းများကို ၂၀၁၅ ခုနှစ်မှစတင်၍ သုံးနှစ်တာမဟာဗျူဟာစီမံကိန်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးနောက်၊ ဒုတိယမြောက် မဟာဗျူဟာလုပ်ငန်းအစီအစဉ်ကို ငါးနှစ်တာကာလအတွက် ၂၀၁၈ ခုနှစ်မှစတင်၍ ၂၀၂၂ ခုနှစ်အထိ ချမှတ်အကောင်အထည်ဖော်ခဲ့သည်။ မြန်မာ့တရားစီရင်ရေး၏ ယခုရေးဆွဲ ထုတ်ပြန်လိုက်သည့် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) သည် တတိယမြောက် စီမံကိန်းဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးမှုမပါဝင်ဘဲ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ စီမံကိန်းရေးဆွဲရေးအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များမှ တာဝန် ရှိသူများအကြား အပြန်ပြန်အလှန်လှန် ဆွေးနွေးညှိနှိုင်းပြီးနောက် ယခုကဲ့သို့ အောင်မြင်စွာ ထုတ်ပြန်နိုင်ခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် ငါးနှစ်တာတရားစီရင်ရေးမဟာဗျူဟာစီမံကိန်းတွင် ယခင်ငါးနှစ်တာစီမံကိန်း အပေါ် အကဲဖြတ်သုံးသပ်ခြင်းနှင့် အဆိုပါစီမံကိန်း၏ ကနဦးနှစ်ဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက်  ပထမနှစ် မဟာဗျူဟာလုပ်ငန်း အစီအစဉ်ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ကို ပြည်ထောင်စုတရား လွှတ်‌တော်ချုပ် ၏ အင်တာနက်စာမျက်နှာ www.unionsupremecourt.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

 

PDF Download

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။