ရှေ့နေရှေ့ရပ်များအပေါ် AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်နှင့် လူအများအပြား သေကျေစေသည့် လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှု (Targeted Financial Sanctions- TFS), (Proliferation Financing-PF) ဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကျင်းပ

15 Mar 2023

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ မတ် ၁၅

ရှေ့နေရှေ့ရပ်များအပေါ် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး AML/CFT ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေး ခန်းမ၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နံနက်၉:၃၀ နာရီချိန်တွင် Video conferencing စနစ်ဖြင့် ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အမှာစကားပြောကြားခဲ့သည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားစေရေးအတွက် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှု (Targeted Financial Sanctions- TFS), (Proliferation Financing-PF)  နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြူကြူစိန်က AML/CFT ဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းနှင့် သတင်းပို့ပုံစံနှင့်ဆွေးနွေးခြင်းဆိုင်ရာ လမ်းညွှန်ချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့အပြင် ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဒေါ်စောရွှေက AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသည် ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများအနေဖြင့် AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်ရှိမှုကို  အသိပညာပေးမှုအပေါ် နားလည်လိုက်နာဆောင်ရွက်နိုင်ရန်၊ ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြုလုပ်ငန်းခွင်ပြင်ပကြီးကြပ်ခြင်း (Offsite monitoring) နှင့် လုပ်ငန်းခွင်အတွင်းဝင်ရောက်စစ်ဆေးခြင်း (Onsite Inspection) များဆောင်ရွက်နိုင်ရန်နှင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ အသိပညာပေးလုပ်ငန်းများသာမက လူအများအပြားသေကျေစေသည့် လက်နက်ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရပစ်မှတ်ထားအရေးယူမှု (Targeted Financial Sanctions- TFS), (Proliferation Financing – PF) ဆိုင်ရာ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ အသိပညာပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိနှင့်ရုံးဝန်ထမ်းများ စုစုပေါင်း (၁၄) ဦး တို့တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တို့မှ တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်းရှေ့နေ စုစုပေါင်း (၉၂) ဦး တို့က Video conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။