နေပြည်တော်၊ အောက်တိုဘာ ၅
ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ တရားလွှတ်တော်ချုပ်မှ ကြီးမှူး၍ (၁၂) ကြိမ်မြောက် အာရှ-ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာဥပဒေဖိုရမ် (The 12th International Legal Forum of the Asia-Pacific Region)ကို ယနေ့နေ့လယ် ၁၃ : ၃၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေးသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါဖိုရမ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev က ဦးစွာအဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် တက်ရောက်လာကြသည့် အာရှနှင့်ပစိဖိတ်ဒေသနိုင်ငံများမှ တရားသူကြီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် များနှင့်အတူ အဖွင့်အမှာစကားပြောကြားခဲ့သည်။
နိုင်ငံတကာဥပဒေဖိုရမ်အား နိုင်ငံဖြတ်ကျော်ဥပဒေရေးရာ ဆက်သွယ်မှုများနှင့် အမျိုးသားတရားမျှတမှုနှင့် လူမှုဘဝဖူလုံသည့် နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးများအား အကာအကွယ်ပေးခြင်းနှင့် တရားရေးလက်တွေ့ကျင့်သုံးမှုတွင် အကျိုးစီးပွားများကို ချိန်ညှိခြင်း ဟူ၍ အပိုင်း (၂) ပိုင်းဖြင့် ကျင်းပခဲ့ပါသည်။
ဒုတိယပိုင်းအစီအစဉ်တွင် “မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏အခွင့်အရေးကို အကာအကွယ် ပေးခြင်းနှင့်တရားစီရင်ရေး၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသောင်းနိုင်က ပါဝင်ဆွေးနွေးရာတွင် “မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ၏ စီးပွားရေးလုပ်ငန်းများရဲ့ အခွင့်အရေးများတိုးတက်ဖွံ့ဖြိုးစေဖို့ ဥပဒေမူဘောင်တွေမှာ အဓိကထားရှိတဲ့ တန်ဖိုးများရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆ မှာ နိုင်ငံတော်သည် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် စျေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ရမည်ဆိုပြီး အာမခံချက်ပေးထားကြောင်း၊ စီးပွားရေးလုပ်ငန်းများ၏အခွင့်အရေးများကို အကာအကွယ်ပေးခြင်းနှင့်စပ်လျဉ်းလို့ မြန်မာကုမ္ပဏီဥပဒေ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေ၊ လူမွဲခံယူခြင်း ဆိုင်ရာဥပဒေ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေစတဲ့ ဥပဒေတွေ အပါအဝင် အခြားဆက်စပ်သော ဥပဒေများလည်း ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် လူမှုဖူလုံရေး ဥပဒေ၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကဲ့သို့ လူမှုဘဝဖူလုံရေးအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေများလည်းရှိကြောင်း၊ တရားစီရင်ရေးအနေနဲ့ ပိုမိုကောင်းမွန်တဲ့ စီးပွားရေးဝန်းကျင် ဖန်တီးပေးရာမှာ အဓိကအခန်းမှ ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ဖို့ ထိရောက်မှုရှိတဲ့ တရားစီရင်ရေးစနစ်ဟာ မဖြစ်မနေ လိုအပ်ကြောင်း၊ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ဒေသအနေနဲ့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နဲ့ လိုက်လျောညီထွေရှိသော တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ‘တရားမျှတမှုရရှိစေရေး အားလုံးပါဝင် ဆောင်ရွက်ပေး’ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ချမှတ်ထားရှိပြီး၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နှင့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်များ အကောင်အထည်ဖော်ပြီး အမှုများမြန်ဆန် အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေအရ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများနဲ့အတူ လုပ်ကိုင်ဆောင်ရွက်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ ပတ်သက်လို့ တရားစွဲဆိုခွင့်၊ တရားစွဲဆိုခံပိုင်ခွင့်တွေမှာ ထူးခြားတဲ့ဥပဒေရေးရာအခွင့်အရေးများ ပေးထားကြောင်း၊ မူဝါဒချမှတ်သူများ၊ သက်ဆိုင်ရာအာဏာပိုင်များအနေနဲ့ စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရာမှာ တရားစီရင်ရေးကဏ္ဍနှင့်အတူ လက်တွဲပြီး လုပ်ကိုင်ကြရမှာဖြစ်ကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။
ယင်းဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသောင်းနိုင်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။