ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မြန်မာရုံး၏ Chief Representative ဖြစ်သူ Mr. KARASAWA Masayuki နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

19 Mar 2020

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော် မတ် ၁၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မြန်မာရုံး၏ Chief Representative ဖြစ်သူ Mr. KARASAWA Masayuki နှင့် အဖွဲ့အား ယနေ့ နေ့လည် ၂:၀၀ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်နိုင်ငံတရားရေး ဝန်ကြီးဌာန၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့အကြား နှစ်ကာလ ကြာရှည်စွာကပင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ JICA မြန်မာရုံးမှ ပံ့ပိုးကူညီပေးခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

Chief Representative ဖြစ်သူ Mr. KARASAWA Masayuki နှင့်အတူ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မြန်မာရုံးသို့ Chief Representative အဖြစ် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသူ Mr. SAKAKURA Noriji နှင့် JICA မြန်မာရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသည့် ဦးသာဌေး၊ ဦးအောင်ဇော်သိန်း၊ ဦးမြဟန်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်၊ ဦးမျိုးဝင်း ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။