AML/CFT မှုခင်းများတွင် သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

18 Aug 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော် ၊ ဩဂုတ် ၁၈

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက ကြီးမှူး၍ တရားရေးအရာရှိများအတွက် AML/CFT မှုခင်းများတွင် သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၁၃ ရက်နေ့လယ်ပိုင်းက ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမတွင် In Person / Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး က AML/CFT မှုခင်းများသည် ရာဇဝတ်မှုကျူးလွန်သူတို့ တရားမဝင်သော နည်းလမ်းဖြင့် ငွေကြေးနှင့်ပစ္စည်းများရရှိမှုကို ဟန့်တားရန်နှင့် နောက်ထပ် ရာဇဝတ်မှုများကို တားဆီးရန်ရည်ရွယ်ပါကြောင်း၊ FATF က မြန်မာနိုင်ငံကို AML/CFT မှုခင်းများတွင် တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ (Proceeds of Crime)၊ ကျူးလွန်ရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများ (Instrumentalities)၊ တန်ဖိုးတူပစ္စည်း (Property of Equivalent Value) ကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရန်နှင့် သက်သေခံပစ္စည်းများ၏ တန်ဖိုးမလျော့စေရေး ထိရောက်စွာစီမံခန့်ခွဲရန် အကြံပြုတိုက်တွန်းထားကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ရာဇဝတ်မှုကျူးလွန်ရာမှရရှိသည့် ငွေကြေးနှင့်ပစ္စည်းများကို တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စုံစမ်းဖော်ထုတ်ခြင်း (Identification)၊ ထိန်းချုပ်ခြင်း (Freezing) ၊ သိမ်းဆည်းခြင်း (Seizing) တို့ကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် သက်သေခံပစ္စည်းများကို ဖမ်းဆီးချိန်မှ တရားရုံးအမိန့်ဖြင့် အပြီးသတ်စီမံခန့်ခွဲသည်ထိ စနစ်တကျစီမံဆောင်ရွက်သည့်နည်းလမ်းများ သတ်မှတ်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တရားရုံးများကလည်း အမှုတွင်တင်ပြသည့် သက်သေခံပစ္စည်းများကို နည်းလမ်းတကျလက်ခံခြင်း၊ မှတ်ပုံစာရင်းရေးသွင်းခြင်း၊ အမှုတွဲတွင် ပြည့်စုံစွာမှတ်တမ်းထားခြင်း၊ ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲသည့်အမိန့်ချမှတ်ခြင်း၊ စီမံခန့်ခွဲရန်ဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာဥပဒေများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေနှင့် တရားရုံးများလက်စွဲပါ ပြဋ္ဌာန်းချက်များ၊ တည်ဆဲအမိန့်၊ ညွှန်ကြားချက်တို့နှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲသည် တရားရုံးများတွင် ကြုံတွေ့နေရသည့် AML/CFT မှုခင်းများမှ သက်သေခံပစ္စည်းများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အဓိကဆွေးနွေးသွားမည်ဖြစ်ပြီး တရားသူကြီးများ၏ AML/CFT မှုခင်းများ စစ်ဆေးစီရင်ခြင်းဆိုင်ရာစွမ်းရည်မြှင့်တင်ပေးရန်ရည်ရွယ်ကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက AML/CFT မှုခင်းများတွင် သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်းဆိုင်ရာ အခြေအနေများ၊ ပြစ်မှုတရားစီရင်ရေးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးအောင်က AML/CFT အမှုများတွင် သက်သေခံပစ္စည်းစီမံခန့်ခွဲခြင်း ဆိုင်ရာပြဿနာများနှင့်စပ်လျဉ်း၍ ဆွေးနွေးချက်၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်က  သက်သေခံပစ္စည်းဆိုင်ရာ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

ဆွေးနွေးပွဲသို့ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်မှ တရားရေးအရာရှိ (၂၁) ဦးတို့က In Person ဖြင့်လည်းကောင်း၊  တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်‌တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသတရားရုံးများ၊ ခရိုင်တရားရုံးများနှင့်မြို့နယ်တရားရုံးများမှတရားသူကြီး/တရားရေးအရာရှိ (၇ဝ၇) ဦးတို့က Video-Conferencing ဖြင့်လည်းကောင်း တက်ရောက်ကြသည်။

ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်သည် AML/CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂ဝ၂၄-၂ဝ၂၈) ကို နှစ်စဉ်လုပ်ငန်းအစီအစဉ်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအစီအစဉ် ၄.၅.၁ အရ တရားရေးအရာရှိများအတွက် AML/CFT ဆိုင်ရာ စွမ်းရည် မြှင့်တင်ရန် ရည်ရွယ်၍ ယခုဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြစ်သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။