ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာအသိပညာပေးသင်တန်းပြုလုပ်

10 Dec 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

“ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာအသိပညာပေးသင်တန်း” ကို ဇေယျာသီရိခရိုင်တရားရုံး၌ ယမန်နေ့ နေ့လည် ၂:၀၀ နာရီတွင် ပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက်၍ အမှာစကားပြောကြားသည်။

သင်တန်းတွင် AML/CFT နှင့် မြန်မာနိုင်ငံ၏ကဏ္ဍ၊ နိုင်ငံတကာစံနှုန်းများနှင့် ရှေ့နေရှေ့ရပ်များတာဝန်ဆိုက်ရောက်လာပုံကို ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးအောင်ကျော်မိုးကလည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်လျက်ရှိသော AML / CFT ဆိုင်ရာလုပ်ငန်းများ၊ လမ်းညွှန်ချက်များနှင့် အရေးယူခြင်းများကို  ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ထွေးကလည်းကောင်း အသီးသီးဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

အဆိုပါသင်တန်းသည် ငွေကြးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ AML/CFT  အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) နှင့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ AML/CFT အမျိုးသားအဆင့်မဟာဗျူဟာဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၂၅ခုနှစ်) တို့အရဆောင်ရွက်ခြင်းဖြစ်ပြီး ၁၀-၁၂-၂၀၂၅ ရက်နေ့တွင်တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ရယူကြမည့် အထက်တန်းရှေ့နေ  ( ၁၀၆ ) ဦးတို့ တက်ရောက်ကြသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။