နေပြည်တော်၊ ဒီဇင်ဘာ ၁၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားသူကြီးများနှင့် တရားရေးအရာရှိ (၄၀) ဦးသည် အိန္ဒိယနိုင်ငံ၊ မတ်ဒရာပရာဒက်ရှ်ပြည်နယ်၊ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy-NJA) တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်မည့် “မြန်မာတရားသူကြီးများနှင့်တရားရေးအရာရှိများအတွက် အဌမအကြိမ် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း” တက်ရောက်ရန် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာကြသည်။
အဆိုပါသင်တန်းသည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတို့အကြား လက်မှတ်ရေးထိုးထားသည့် “မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် အိန္ဒိယနိုင်ငံတွင်သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ” အရ ဆောင်ရွက်ခြင်းဖြစ်သည်။
သင်တန်းတွင် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်နှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ တရားရုံးနှင့်မှုခင်းစီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့်တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဆိုင်ရာ တရားစီရင်ရေး၊ တရားစီရင်ရေးနှင့်သတင်းမီဒီယာ၊ သက်သေခံဥပဒေ၊ မှုခင်းဆေးပညာ သက်သေခံချက်၊ အငြင်းပွားမှုများအား အခြားနည်းဖြင့်ဖြေရှင်းခြင်း၊ ကျားမတန်းတူညီမျှသောလူ့အဖွဲ့အစည်း အစရှိသည့် အကြောင်းအရာများအား အိန္ဒိယနိုင်ငံမှ တရားသူကြီးများ၊ တက္ကသိုလ်ပါမောက္ခများနှင့် ဥပဒေပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များက သင်တန်းသားများနှင့် အတွေ့အကြုံများ အပြန်အလှန်ဖလှယ်၍ ဆွေးနွေးပို့ချ ကြမည်ဖြစ်သည်။ ထို့အပြင် သင်တန်းသားများသည် ဘိုပါးမြို့ရှိ တရားရုံးများနှင့် ထင်ရှားသောနေရာများသို့ လေ့လာရေးခရီး သွားရောက်ခွင့်လည်း ရရှိကြမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တရားရုံးများမှ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ ခရိုင်အဆင့်တရားသူကြီးများ၊ မြို့နယ်အဆင့်တရားသူကြီးများ တက်ရောက်ကြမည်ဖြစ်ပြီး၊ ယခုအကြိမ်အပါအဝင် သင်တန်းသား စုစုပေါင်း (၃၂၀) ဦးအား စေလွှတ်ခဲ့ပြီး ဖြစ်သည်။
ဤပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ တရားစီရင်ရေးစနစ်များကို ယှဉ်တွဲလေ့လာ ခွင့်ရစေပြီး နှစ်နိုင်ငံအကြား တရားစီရင်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန် အထောက်အကူဖြစ်စေသည့်အပြင် မြန်မာတရားသူကြီးများနှင့်တရားရေးအရာရှိများ၏ စွမ်းရည်မြှင့်တင်မှု အတွက်လည်း အထောက်အကူဖြစ်စေပါသည်။