စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅) နှင့် စေ့စပ်‌ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၅) ကျင်းပ

14 Dec 2025

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနများ၏ စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) နှင့် စေ့စပ်‌ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်းအမှတ်စဉ် (၃/၂၀၂၅) ကို  ၂၀၂၅ ခုနစ်၊ ဒီဇင်ဘာလ ၁၃ ရက် (စနေနေ့)၊ နံနက် ၀၉ : ၀၀ နာရီ အချိန်၌ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့်ကျင်းပသည်။

အစီအစဉ်ပထမပိုင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်  ဒေါ်တင်နွယ်စိုးက အဖွင့်အမှာစကားပြောကြားသည်။  အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်တရား‌ရေးဦးစီးမှူးများက တရားရုံးအဆင့်ဆင့်နှင့် စေ့စပ်ဖြေရှင်းရေးဌာနအသီးသီး၏ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြသည်။ ယင်းနောက် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြား‌ရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြား‌ရေးမှူးချုပ်နှင့် ညွှန်ကြား‌ရေးမှူးတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

အစီအစဉ်ဒုတိယပိုင်း၊ စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၅) ကို ဆက်လက်ကျင်းပသည်။ သင်တန်းတွင် အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်က တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ တရားရုံး၏အခန်းကဏ္ဍ၊ စေ့စပ်ဖြေရှင်းရေးဌာန၏ အခန်းကဏ္ဍ၊ အမှုသည်များ၏ အခန်းကဏ္ဍ၊ ရှေ့နေများ၏အခန်းကဏ္ဍ၊ စေ့စပ်‌ဖြေရှင်းရေးအရာရှိ၏ အခန်းကဏ္ဍတို့ကို ဆွေးနွေးပို့ချသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မွန်သူဇာခင်နှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးဇင်မော်တို့က လက်တွေ့ဆောင်ရွက်နေသော စေ့စပ်ဖြေရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးပြောကြားကြသည်။

ယင်းအစည်းအဝေးနှင့်သင်တန်းကို ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူးအပါအဝင် (၉) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေး ဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနအသီးသီးမှဌာနတာဝန်ခံများ၊ စေ့စပ်ဖြေရှင်းရေးအရာရှိများနှင့် တရားသူကြီးများ၊ တရားရေးအရာရှိများ  စုစုပေါင်း (၅၇၅) ဦး တက်ရောက်သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။