နေပြည်တော်၊ ဒီဇင်ဘာ ၂၄
အိန္ဒိယနိုင်ငံ၊ မတ်ဒရာပရာဒက်ရှ်ပြည်နယ်၊ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိဖွင့်လှစ်သည့် “မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် အဋ္ဌမအကြိမ်စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း” သို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် သင်တန်းသား (၄၀) ဦးအား ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ မော်ဂျူလာရုံးခန်းအမှတ် (၃) ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။
ထိုအခမ်းအနားတွင် သင်တန်းသားများက သင်တန်းကာလအတွင်းလေ့လာရရှိခဲ့သည့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတများနှင့် အတွေ့အကြုံများကိုတင်ပြခဲ့ကြပြီး၊ ပြည်ထောင်စုတရားသူကြီးချုပ်က အနာဂတ်တွင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားရန်ရှိသည်များကို မှာကြားခဲ့သည်။ ထို့အပြင် သင်တန်းတွင် လေ့လာမှတ်သားခဲ့သည့် ဘာသာရပ်များနှင့်အကြောင်းအရာများကို အခြေခံ၍ တရားစီရင်ရေးဆိုင်ရာစာတမ်းများရေးသားမျှဝေရန်နှင့် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့၏ တရားစီရင်ရေးစနစ်တူညီမှုများလည်းရှိသဖြင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးချနိုင်သည်များကို အသုံးချဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းနွဲ့၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။