တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်သည် ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ သရုပ်ပြတရားရုံးဖြင့် အမှုစစ်ဆေးခြင်းအခမ်းအနားသို့ တက်ရောက်

05 Mar 2026

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ မတ် ၅

ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာန၏ သရုပ်ပြတရားရုံးဖြင့် အမှုစစ်ဆေးခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ထားဝယ်တက္ကသိုလ်၊ ပညာရိပ်သာ၊ Community Center ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က သရုပ်ပြတရားရုံး (Moot Court) ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့်ဇာတ်ညွှန်းနှင့် လေ့ကျင့်မှုများကို ကူညီဆောင်ရွက်ပေးခဲ့သည်။ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် သရုပ်ပြတရားရုံးဖြင့် အမှုများစစ်ဆေးစီရင်ခြင်း အတွေ့အကြုံများမှတစ်ဆင့် နိုင်ငံတော်၏ အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်သော တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးတို့ကို ဆောင်ရွက်သွားကြရန်နှင့် မိမိတို့သင်ယူနေသည့် ဥပဒေဘာသာရပ်အပေါ် တန်ဖိုးထား လေ့လာဆည်းပူးသွားကြရန် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဥပဒေပညာနှင့် ဘာသာရပ်များမှဌာနမှူးနှင့်တကွ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဧည့်သည်တော်များ တက်ရောက်ကြသည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။