နေပြည်တော်၊ မတ် ၃၀
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏၂၀၂၅ ခုနှစ်၊ တရားရုံးနှစ်စဉ်အစီရင်ခံစာ စာအုပ်ကို (အင်္ဂလိပ်/ မြန်မာ) နှစ်ဘာသာဖြင့် ၂၀၂၆ ခုနှစ်၊ မတ် လ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယင်းအစီရင်ခံစာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဝက်ဘ်ဆိုဒ်ဖြစ်သည့် http://www.unionsupremecourt.gov.mm တွင်လည်း လွှင့်တင်ဖော်ပြထားပါသည်။
တရားရုံးနှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်များမှာ တရားစီရင်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်၊ တရားရုံးများ၏ လုပ်ငန်းဆောင်တာများအပေါ် ယထာဘူတကျကျ အကဲဖြတ်နိုင်စေရန်၊တရားရုံးများအနေဖြင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်နှင့် တရားစီရင်ရေးကဏ္ဍ ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အများသိရှိစေရန် ဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် တရားရုံးအဆင့်ဆင့်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် တရားရုံးနှစ်စဉ်အစီရင်ခံစာများကို ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်စဉ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခုထုတ်ပြန်လိုက်သည့် ၂၀၂၅ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာသည် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ ၁၀ အုပ်မြောက် နှစ်စဉ်အစီရင်ခံစာဖြစ်ပါသည်။ အစီရင်ခံစာစာအုပ်တွင် ၂၀၁၆ ခုနှစ် မှစ၍ ၂၀၂၅ ခုနှစ်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၁၀ နှစ်တာကာလအတွင်း စဉ်ဆက်မပြတ် တိုးတက်မှု၊ အောင်မြင်မှုများကို မှတ်တမ်းအဖြစ် စုစည်းဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြိုးပမ်းဆောင်ရွက်မှုများကို သီးခြားကဏ္ဍ တစ်ရပ်အနေဖြင့်ဤအစီရင်ခံစာစာအုပ်၌ဖော်ပြထားပါသည်။ အဆိုပါဆောင်ရွက်ချက်များမှာ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးစီမံချက်များချမှတ်၍ တရားစီရင်ရေးရပ်တန့်မသွားစေရန် ကြိုးပမ်းဆောင်ရွက်နိုင်ခြင်း၊ အမှုလက်ကျန်များလျှော့ချနိုင်ခြင်း၊တရားစီရင်ရေးဆိုင်ရာစီမံခန့်ခွဲမှုများတွင်နည်းပညာပေါင်းစပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း၊ အထူးကိစ္စရပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်အသီးသီးရှိ စေ့စပ်ဖြေရှင်းရေးဌာနများမှ ဘဏ်အပေါင်မှုများအား အောင်မြင်အောင် စေ့စပ်ဖြေရှင်းပေးနိုင်ခြင်း၊ အဆင့်မြင့်တရားစီရင်ရေးဆိုင်ရာသင်ကြားရေးဌာနတစ်ခုဖြစ်သည့် Judicial College အဆောက်အဦသစ်ကို ဖွင့်လှစ်နိုင်ခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် AML/CFT အမျိုးသားအဆင့် မဟာဗျူဟာဆိုင်ရာလုပ်ငန်းအစီအစဥ် ၂၀၂၅ ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊ တရားသူကြီးများ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားရေး အစီအစဉ်များအားကောင်းစေခြင်းနှင့် တရားစီရင်ရေး မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ခြင်းတို့ ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ တရားရုံးနှစ်စဉ်အစီရင်ခံစာ စာအုပ်မှတစ်ဆင့် စာအုပ်ဖတ်ရှုသူများအနေဖြင့် တရားစီရင်ရေး မဏ္ဍိုင်၏တရားစီရင်ရေးဆိုင်ရာစီမံခန့်ခွဲမှုနှင့်တရားမျှတမှုလက်လှမ်းမီရေးတိုးမြှင့်ဆောင်ရွက်နိုင်မှုတို့ကို လွယ်ကူစွာဖတ်ရှုသိရှိနိုင်မည်ဖြစ်ပါသည်။
တရားရုံးနှစ်စဉ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ဝေဖန်အကြံပြုလိုပါကတရားရုံးနှစ်စဉ်အစီရင်ခံစာပြုစုရေးလုပ်ငန်း အဖွဲ့၏အီးမေးလ် irrdp.usc@gmail.com သို့ ပေးပို့နိုင်ပါသည်။