နေပြည်တော်၊ ဧပြီ ၃
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၄) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာပြုပွဲ အခမ်းအနားကို ယနေ့နံနက် (၀၈:၀၀) နာရီတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ Judicial College ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယမြို့နယ်တရားသူကြီးများလုပ်ငန်းဝင်သင်တန်းအမှတ်စဉ်(၃၄)၊ ကင်းဝန်အသင်း၊ ယောအသင်း၊ ဦးမေအောင်အသင်း၊ ဒေါက်တာဘဦးအသင်းတို့တွင် အသင်းလိုက်ဆုများရရှိသည့် သင်တန်းသား၊သင်တန်းသူများအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များကလည်းကောင်း၊လုပ်ငန်းဝင်သင်တန်းစံပြဆုရရှိသူဒေါ်မျိုးမို့မို့ဇင်(ကသ-၄၅)အား ပြည်ထောင်စု တရားသူကြီးချုပ်ဦးသာဌေးကလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ဒုတိယမြို့နယ်တရားသူကြီးများ သင်တန်းဆင်းမှတ်တမ်းလွှာများကို သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးကို ပြည်ထောင်စုတရားသူကြီးချုပ် က အပ်နှင်းပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၁) အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားသူကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသူများအား တရားသူကြီးအဖြစ်စတင် တာဝန်ပေးသည့်အချိန်တွင် ကျမ်းသစ္စာသို့မဟုတ် ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းချက်နှင့်အညီ ဒုတိယမြို့နယ်တရားသူကြီးများအဖြစ် စတင်တာဝန်ထမ်းဆောင်ကြမည့် ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၄) သင်တန်းသား၊သင်တန်းသူများက “ကျွန်တော်/ကျွန်မတို့သည် တရားသူကြီး/တရားရေးဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော် တည်ဆဲဥပဒေများကို လိုက်နာဆောင်ရွက်ပါမည်။ ထို့ပြင် တရားစီရင်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တရားသူကြီးများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းပြီး မှုခင်းကိစ္စများကို အဂတိတရားလေးပါး ကင်းစင်စွာဖြင့် ဥပဒေနှင့်အညီ တရားမျှတမှန်ကန်စွာ စစ်ဆေးစီရင်ဆုံးဖြတ်ပါမည်ဟု လေးနက်တည်ကြည်စွာ ကျမ်းသစ္စာပြုလျက် ကြေညာပါသည်၊” ဟု ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများရှေ့မှောက်တွင် လေးနက်တည်ကြည်စွာ ကျမ်းသစ္စာပြုခဲ့ကြပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းဆင်း ဒုတိယမြို့နယ်တရားသူကြီးများ တက်ရောက်ခဲ့သည်။ သင်တန်းကာလမှာ ၅-၁-၂၀၂၆ ရက်နေ့မှ ၃-၄-၂၀၂၆ ရက်နေ့အထိ (၃) လ ကြာမြင့်ခဲ့ကြောင်းနှင့် သင်တန်းသား/ သင်တန်းသူ (၅၁) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။