နေပြည်တော်၊ ဇွန် ၂၇
ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနများ၏ စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) နှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် (စနေနေ့)၊ နံနက် ၀၉ : ၀၀ နာရီ အချိန်၌ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့်ကျင်းပသည်။
အစီအစဉ်ပထမပိုင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများက တရားရုံးအဆင့်ဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များရှိ စေ့စပ်ဖြေရှင်းရေးဌာနများ၏ ၂၀၂၆ ခုနှစ်၊ မတ်လ၊ ဧပြီလနှင့် မေလအတွင်း တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြသည်။ ညွှန်ကြားရေးမှူးချုပ်နှင့် အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန ညွှန်ကြားရေးမှူးတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
အစီအစဉ်ဒုတိယပိုင်း၊ စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၆) ကို ဆက်လက်ကျင်းပသည်။ သင်တန်းတွင် အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်က တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ တရားရုံး၏အခန်းကဏ္ဍ၊ စေ့စပ်ဖြေရှင်းရေးဌာန၏ အခန်းကဏ္ဍ၊ အမှုသည်များ၏ အခန်းကဏ္ဍ၊ ရှေ့နေများ၏အခန်းကဏ္ဍ၊ စေ့စပ်ဖြေရှင်းရေးအရာရှိ၏ အခန်းကဏ္ဍတို့ကို ဆွေးနွေးပို့ချသည်။
ယင်းအစည်းအဝေးနှင့်သင်တန်းကို ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ် ၊ အငြင်းပွားမှုဖြေရှင်းရေးနှင့်အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူးအပါအဝင် (၇) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနအသီးသီးမှ ဌာနတာဝန်ခံများ၊ စေ့စပ်ဖြေရှင်းရေးအရာရှိများ၊ IOMed စေ့စပ်ညှိနှိုင်းပေးသူခုံအဖွဲ့ဝင်များနှင့် တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၅၄၉) ဦး တက်ရောက်သည်။