ပထမအကြိမ် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကျင်းပ

21 Dec 2020

သတင်းအကြောင်းအရာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၂)တွင် ပထမအကြိမ် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် (၀၈း၀၀) နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး  ဦးသာဌေး က အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ (၁၆၄) ဦး ကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပါသည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/စစ်ဆေးရေး)၊ ရှေ့နေရှေ့ရပ်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်‌ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

(Coronavirus Disease 2019) COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသွားအလာကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဤကိစ္စအလို့ဌာ အမိန့်တစ်စုံတစ်ရာ ထပ်မံ ထုတ်ပြန် သည့် အချိန်အထိ Video Conferencing စနစ်ဖြင့် ပေးအပ်သည့် အခမ်းအနားများကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

AI အသံလမ်းညွှန် ကျွန်တော့်ကိုနှိပ်ပြီး သွားလိုသည့် စာမျက်နှာကို မြန်မာလိုပြောပါ။